ကိုယ့်နိုင်ငံကို ချစ်ရဲဖို့ အတွက် သတ္တိလိုပါသလား။ ဖြေပါ။ မလိုပါဘူး။ အဖြေမှား ပါသည်။ ကိုယ့်နိုင်ငံကို ချစ်ရဲဖို့ သတ္တိလို အပ်ပါသည်။ သတ္တိရှိရှိနှင့် နိုင်ငံကိုချစ်ခဲ့ကြသည့် နမူနာများကို လေ့လာကြည့်ကြရ အောင်ပါ။ အမေရိကန်နိုင်ငံသား “အာရင် ၀ါတာဒါ” ကိုဟာဝိုင်ယီမှာ မွေးဖွားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်မှု ဗဟိုဌာန မျှော်စင်ညီနောင်ကို အယ်လ်ကိုင်ဒါတို့ ၀င်တိုက်သည့် ၉/၁၁ အပြီးမှာ နိုင်ငံတော် ကိုကာကွယ်ဖို့ အတွက် နှလုံးသားတိမ်းညွ တ်နေသည့် ၀ါတာဒါက အမေရိကန် တပ်မတော်ထဲကို ၀င်ခဲ့သည်။ တကယ်တော့ သူရသည့် ဒီဂရီက ဘဏ္ဍာရေးဆိုင်ရာ ဘီအေဘွဲ့ဖြစ်သည်။ ပညာရေး နောက်ခံက တိုက်ခိုက်ရေးနှင့်ဘာ မျှမဆိုင်သည့်တိုင် နိုင်ငံတော်ကို
ကာကွယ်ရမည်ဆိုသည့် အရေးပေါ်အချက်ပေးသံက လူငယ်လေး ၀ါတာဒါကိုလက်နက်စွဲကိုင်စေခဲ့သည်။ တပ်ထဲမှာ ဗိုလ်အဆင့်အထိ တိုးမြှင့်ခံရသည်။ တောင်ကိုရီးယားမှာတစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်မှာတော့ အီရတ်စစ်မြေပြင်မှာတာ ၀န်ထမ်းဆောင်ဖို့အမိန့်ကျလာတော့သည်။
နိုင်ငံ့ရန်သူတွေကို ချေမှုန်းဖို့ အီရတ်ကိုသွားမယ့် ၀ါတာဒါက ကြိုတင်ပြင်ဆင်မှုအနေနှင့် စစ်ပွဲ အကြောင်းကိုဖတ်သည်။ စစ်တိုက်ရသည့်အကြောင်းရင်းများကိုလေ့လာသည်။ သတင်းစာဆရာများ၏ စုံစမ်းတွေ့ရှိချက်များကို သုတေသနပြုသည်။ အီရတ် စစ်ပြန်များနှင့် စကားပြောသည်။ စနစ်တကျလေ့လာလိုက်သည့် ရလဒ်က စစ်သားတစ်ဦးဖြစ်သည့် ၀ါတာဒါအတွက်ခါးသီးလှသည်။ သူသိရှိလိုက်သည်ကတော့ အီရတ်စစ်ပွဲသည် မခိုင်မာသော အကြောင်းပြချက်များဖြင့် တိုက်ခိုက် သည့် အချည်းနှီးစစ်ပွဲဆိုသည့်အဖြေပင်။
အာရင်ဝါတာဒါက အမေရိကန်တပ်မတော်ကို စာတင်သည်။ အီရတ်စစ်မြေပြင်ကို သူမသွားနိုင်။ အီရတ်ကို ကျူးကျော်ဖို့အတွက် အစိုးရက ပြည်သူနှင့် ကွန် ဂရက်ကို အကြောင်းပြချက်အတုများဖြင့် လိမ်ညာခဲ့သည်။ထို့ကြောင့် အီရတ်စစ်ပွဲသည် တရားမ၀င်ပါ။ မတရားပါဟု သူကရှင်းပြသည်။ မမှန်ကန်သောစစ်ကိုမ တိုက်နိုင်ပါဟု သူငြင်းဆန်သည်။
တပ်မတော်က သူ့ကို စစ်ခုံ ရုံးတင်လိုက်သည်။ အမိန့်မနာခံမှုအပါအ၀င် အခြားပုဒ်မများဖြင့် ထောင်ဒဏ် ရှစ်နှစ်အထိကျခံရနိုင်သည့် အခြေအနေနှင့်ဝါတာ ဒါရင်ဆိုင်လိုက်ရသည်။ သူကတော့ နောက်မဆုတ်ပါ။ ယုံကြည်ချက်အပြည့်ဖြင့် ဆက်ရင်ဆိုင်သည်။ နိုင်ငံတော်ကို လမ်းကြောင်းမှန်ကိုပြန်တင်ဖို့ဆော်သြသည်။
စစ်တပ်ထဲမှာတော့ ဗိုလ်အဆင့်သာရှိသည့် လူငယ်လေးဝါ တာဒါ၏ ရဲရင့်မှုက အားလုံးကို တုန်လှုပ်သွားစေသည်။ တပ်သားအများစုက အီရတ်စစ်ဆင်ရေးကို မေးခွန်းပြန်ထုတ်လာကြသည်။ အချို့က သူတို့ကိုစွပ်စွဲကြသည်။ အမိန့်မနာခံသည့်စစ်သား။ ၀ါတာဒါ၏ အဖြေက တိုင်းပြည်ကို ချစ်ဖို့အတွက် အမှန်တရားကို ဖော်ထုတ်ရဲရမည်။
ခုံရုံးမှာအကြိမ်ကြိမ်စစ်ဆေး ကြသည်။ အပြန်အလှန်ငြင်းခုံကြ သည်။ ၀ါတာဒါကို ကျောက်တောင်ကို ခေါင်းဖြင့်ဝင်ဆောင့်သူဟုအချို့ကပြောသည်။ သူကတော့ တိုင်းပြည်ကို တကယ်ချစ်သူ ဟာ အမှန်ကိုလက်ခံရဲသူ၊ ပြောရဲ သူဆိုသည့် မူကိုရဲရဲတင်းတင်းဆုပ်ကိုင်သည်။ ၂၀၀၈ခုနှစ်မှာ သမ္မတသစ် အိုဘားမားတက်လာသည့်အခါတော့ ခုံရုံးကို ရပ်စဲလိုက်သည်။ ၀ါ တာဒါတပ်မတော်ကထွက်လိုက်ရသည်။ ဒါပေမဲ့သူထားခဲ့သည့် အမွေကတော့ မျက်စိမှိတ်သစ္စာခံခြင်းသည် နိုင်ငံကိုမှန်ကန်စွာချစ်ခြင်းမဟုတ်ဆိုသည့် ခံယူချက်ဖြစ်သည်။ ၀ါတာဒါက ယခုလိုပြောခဲ့သည်။
“အနာဂတ်မှာ ခင်ဗျားတို့ ကလေးတွေရဲ့ မျက်လုံးတွေကို ခင်ဗျားကြည့်တဲ့အခါ ဒါမှမဟုတ် ခင်ဗျားဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ခင်ဗျားဘ၀ကိုပြန်ကြည့်တဲ့အခါ တကယ်အရေးကြီးခဲ့တဲ့ အချိန်မှာ အခွင့်အရေးရတုန်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုငါချခဲ့တယ်လို့ ခံစားနိုင်ဖို့လိုတယ်။ဆိုးကျိုးတွေ ခံစားခဲ့ရတာတောင် ရင်ဆိုင်ခဲ့ တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ” နိုင်ငံကို မှန်ကန်စွာချစ်ဖို့အတွက် သတ္တိရှိဖို့လိုပါသည်။ တောင်အာဖရိက၏ သမိုင်းဝင်သူရဲကောင်းနယ်လ် ဆင်မင်ဒဲလား ကအခု လိုပြောခဲ့သည်။
“သတ္တိဆိုတာ မကြောက်တတ်တာမဟုတ်ဘူး။ သတ္တိက အကြောက်တရားကိုကျော်လွှားနိုင်မှုပါ။ ရဲရင့်တဲ့ သူဆိုတာအကြောက်တရားမရှိသူမဟုတ်ဘူး။ အကြောက်တရားကို အနိုင်ယူနိုင်သူဖြစ်တယ်” မြန်မာ့လူ့အဖွဲ့အစည်းကို လမ်းကြောင်းမှန်ပေါ်တင်နိုင်ဖို့အတွက် သတ္တိရှိသူများလိုအပ်နေပါသည်။
 ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို သတ္တိရှိရှိလက်ခံနိုင်သည့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးအလိုရှိသည်။ အတိတ်ကခါးသီးမှုတွေကို သတ္တိရှိရှိခွင့်လွှတ်ရဲသည့်အတိုက် အခံနိုင်ငံရေးသမားတစ်ဦးအလိုရှိသည်။ ဆန္ဒစွဲကို ခွာချပြီး မျှတစွာသတင်းရေးမည့်သတင်းစာဆရာတစ်ဦးအလိုရှိသည်။ အလိုရှိသည်။ အလိုရှိသည်။ ၀ါတာဒါပြောခဲ့သလို တစ်နေ့ကိုယ့်ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့်လုပ်ရပ်တွေကို ပြန်သုံးသပ်သည့်အခါ.....။


ရဲမိုး


ရိုးရာလေး

0 comments:

Post a Comment

 
Top