၁၉၉၅ ခုနှစ်မှ စတင်၍ ၂၀၁၂ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၂ သန်း ၈ သိန်း ၅ သောင်းကျော်သာ ရှိခဲ့သော်လည်း ယနေ့အချိန်၌ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်သည် ၆.၂၈ သန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၁ သန်း ဝန်းကျင်သာ တိုးတက်လာခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အစိုးရသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို လစဉ်ပုံမှန်အရေအတွက် သတ်မှတ်၍ ရောင်းချပေးလာခဲ့သည့် နောက်ပိုင်းမိုဘိုင်းဖုန်း အသုံးပြုအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင် မိုဘိုင်းဖုန်း အရေအတွက် ၃ သိန်းခွဲကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တစ်လလျှင် မိုဘိုင်းဖုန်းအရေအတွက် ၁ သောင်းခန့်ကို တိုးမြှင့်ချထားပေးခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၈.၇ သန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁.၃၈ စုလျှင် မိုဘိုင်းဖုန်း ၁ လုံး ကိုင်ဆောင်ထားသည်ဟု သိရသည်။ အစိုးရအနေဖြင့် တန်ဖိုးနည်းဖုန်းလိုင်းများကို ဧပြီလမှစတင်၍ လိုင်းအရေအတွက် ၂.၄၈ သန်းကို ရောင်းချနိုင်ခဲ့ပြီးလာမည့် ၂၀၁၄ ခုနှစ်၊ ဧပြီလမတိုင်ခင်၌ တန်ဖိုးနည်းဖုန်းလိုင်း အနိမ့်ဆုံး ၈ သန်း ပြည့်မီအောင် ချထားပေးမည်ဟုသိရှိရသည်။ အလားတူ ၂၀၁၄ - ၂၀၁၅ ခုနှစ်၌ လိုင်းအင်အား ၁၈ သန်းကို တိုးချဲ့ချထားပေးမည်ြဖစ်သည့်အတွက် ၂၀၁၅ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသည် အခြေခံတည်ဆောက်ရေးများ လုပ်ကိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတောအတွင်း GSM မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်း ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးခဲ့သော်လည်း ရောင်းချရန်မျှော်မှန်းထားရှိသည့် အရေအတွက်အတိုင်း ပြည့်မီအောင် ရောင်းချနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ် ၁၅၀၀ ကျပ်တန်စီမံကိန်း၌ ရောင်းချသည့်အရေအတွက်ထက် ဝယ်ယူလိုသည့်အရေအတွက် ပိုမိုများပြားခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

0 comments:

Post a Comment

 
Top